အသက် ၁၉ နှစ် အရွယ်သာ ရှိသေးတဲ့ ကြယ်ပွင့်လေး အန်းဒရစ်ခ်ဟာ အခုနှစ် ကမ္ဘာ့ဖလားမှာ ဘရာဇီးလ် အသင်း အတွက် လူစားဝင် အဖြစ်သာ ပါဝင်ကစားနေရသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အန်းဒရစ်ခ်က ဒီအခြေအနေ အပေါ် စိတ်အေးအေးထားနိုင်ပြီး နည်းပြ ကာလို အန်ဆလော့တီ အနေနဲ့ အသင်း အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ဆက်ပြီး ချမှတ်သွားလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားလာခဲ့ပါတယ်။
အန်းဒရစ်ခ်ဟာ ဘရာဇီးလ် အတွက် လူစားဝင် အဖြစ် ၃ ပွဲသာ ကစားပေးထားရပြီး စုစုပေါင်း ကစားချိန် ၇၉ မိနစ်ပဲ ရရှိထားပါသေးတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ဂျပန်နဲ့ ပွဲမှာ ဒဏ်ရာရသွားတဲ့ လူးကပ်စ် ပါကေးတားရဲ့ နေရာမှာ ဒုတိယပိုင်းက စလို့ ဝင်ကစားခဲ့ပြီး၊ အဲဒီပွဲမှာ ဘရာဇီးလ်က အနိုင်ရခဲ့တာကြောင့် အခုအခါ ၁၆ သင်းအဆင့်မှာ နော်ဝေ အသင်းနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
နည်းပြ အန်ဆယ်လော့တီဟာ အန်းဒရစ်ခ်ကို ၂၀၂၄ ခုနှစ်က ပါးမီးရက်စ် အသင်း ကနေ ရီးရဲလ်မက်ဒရစ်ဆီ ခေါ်ယူခဲ့တာမို့ သူ့အကြောင်းကို ကောင်းကောင်းသိထားသူပါ။ ဒါပေမယ့် အန်းဒရစ်ခ်ဟာ စပိန်မြေမှာ ခြေပြဖို့ ရုန်းကန်ခဲ့ရတာကြောင့် ၂၀၂၅-၂၆ ရာသီဝက်မှာ ပြင်သစ် ကလပ် လိုင်ယွန် အသင်းဆီ အငှားနဲ့ သွားရောက် ကစားခဲ့ရပြီး ပြိုင်ပွဲစုံ ၂၁ ပွဲမှာ ၈ ဂိုးသွင်း၊ ၈ ကြိမ် ဖန်တီးကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဘရာဇီးလ် ပရိသတ် အများစုက ကမ္ဘာ့ဖလားမှာ အန်းဒရစ်ခ်ကို ပွဲထွက်လူစာရင်းမှာ ပိုမို အသုံးပြုဖို့ တောင်းဆိုနေကြပေမယ့် အန်းဒရစ်ခ် ကတော့ တစ်ဦးကောင်းထက် အသင်း ကိုပဲ ဦးစားပေးလေ့ ရှိတဲ့ အန်ဆယ်လော့တီကို ချီးမွမ်းစကားဆိုခဲ့ပါတယ်။
“နည်းပြက ကျွန်တော့် အတွက် အကောင်းဆုံး ဖြစ်မှာကို လုပ်မှာ မဟုတ်ဘဲ အသင်း အတွက် အကောင်းဆုံး ဖြစ်မှာကိုပဲ လုပ်မှာပါ။ သူက ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချရမှာကို မကြောက်ပါဘူး။ သူမှန်တယ် ထင်တာကို လုပ်လေ့ရှိပြီး အဲဒါတွေကလည်း ဖြစ်လာတတ်ပါတယ်။ ဘုရားသခင်က သူ့ကို စောင့်ရှောက်နေသလိုပါပဲ။ ဘာလို့လဲ ဆိုတော့ ကာလို လုပ်သမျှ အရာရာက အမြဲတမ်း အဆင်ပြေသွားလေ့ရှိလို့ပါ။ နည်းပြက ကျွန်တော့်ကို တစ်ခုခုလုပ်ဖို့ ခိုင်းပြီ ဆိုရင် နောက်ပြန်လှည့်ကြည့်မှာ မဟုတ်ဘဲ သူခိုင်းတာ ကိုပဲ အကောင်းဆုံး လုပ်သွားမှာပါ။” လို့ အန်းဒရစ်ခ်က ဆိုပါတယ်။

မက်ဒရစ်မှာ နည်းပြ ဇာဘီ အလွန်ဆို လက်ထက်ကလိုပဲ အခု ဘရာဇီးလ် အသင်း မှာလည်း ကစားခွင့် ရဖို့ ရုန်းကန်နေရတဲ့ အခြေအနေက သူ့အပေါ် သက်ရောက်မှု ရှိ၊ မရှိ မေးမြန်းရာ မှာတော့ စိတ်အေးအေးထားနိုင်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။“ကျွန်တော် ကလေး တစ်ယောက်လို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှာပါ။ စိတ်ထဲမှာ တကယ်ကို အေးချမ်းနေပါတယ်။ ဘာလို့လဲ ဆိုတော့ မအိပ်ခင်မှာ ဆုတောင်းတယ်၊ ဘုရားသခင်နဲ့ စကားပြောတယ်၊ ပြီးတော့ အချိန်တန်ရင် အရာရာ ကောင်းမွန်လာလိမ့်မယ်လို့ ယုံကြည်ထားလို့ပါ။” လို့ သူက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
ဘရာဇီးလ် အသင်းဟာ နယူးယောက် နယူးဂျာစီကွင်းမှာ နော်ဝေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး၊ အကယ်၍ နိုင်ခဲ့ရင် ၂၀၀၂ နဲ့ ၂၀၀၆ ကြားမှာ ၁၁ ပွဲဆက် နိုင်ခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ၄ ပွဲဆက် နိုင်ပွဲကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘရာဇီးလ်ဟာ ကမ္ဘာ့ဖလား ၁၆ သင်း အဆင့် နောက်ဆုံး ၁၀ ပွဲမှာ ၉ ပွဲ အထိ နောက်တစ်ဆင့် တက်နိုင်ခဲ့ပြီး ၁၉၉၀ က အာဂျင်တီးနားကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့တဲ့ ပွဲပဲ သမိုင်းမှာ ကပ်ပြီး လွဲချော်ခဲ့ဖူးပါတယ်။
အန်းဒရစ်ခ်က ကမ္ဘာ့ဖလား အသင်းကြီးရဲ့ ကစားသမား ၂၆ ယောက်စာရင်းမှာ ပါဝင်ခွင့်ရတာ ကိုက သူ့ကစားသမား သက်တမ်း အတွက် မှတ်တိုင် တစ်ခု ဖြစ်ပြီး အခွင့်အရေးရလာရင် အကောင်းဆုံး ခြေစွမ်းပြဖို့ အသင့်ရှိနေကြောင်း အခုလို ဆိုပါတယ်။
“ဒီနေရာကို ရောက်နေရတာကိုတင် အရမ်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့် အတွက်တော့ ဒီလူစာရင်းမှာ ပါဝင်ခွင့်ရပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ကစားခွင့်ရတာကိုက အောင်မြင်မှု တစ်ခုပါ။ ကျွန်တော် အဆင်သင့် ဖြစ်အောင် ပြင်ဆင်ထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အသင်းမှာ ကစားသမား ၂၆ ယောက် ရှိပြီး အားလုံးက အခွင့်အရေးကို စောင့်ဆိုင်းနေကြတာပါ။ အဓိကအကျဆုံး ကတော့ အခွင့်အရေး ရောက်လာတဲ့အချိန်မှာ အသင့်ဖြစ်နေဖို့ပါပဲ။” လို့ အန်းဒရစ်ခ်က ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


