ပေါ်တူဂီ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာနဲ့ မကြာခင် လမ်းခွဲဖွယ် ရှိကြောင်း အရိပ်အမြွက်နဲ့ ဖော်ပြလာခဲ့ပြီ ဖြစ်ပါတယ်။ ရော်နယ်ဒိုက ဆော်ဒီပရိုလိဂ် ရာသီသိမ်းပွဲ အပြီး နာရီပိုင်း အကြာမှာပဲ သူ့ရဲ့ လူမှုကွန်ယက် အကောင့် ကနေ တဆင့် ‘အခန်းကဏ္ဍ တစ်ခု ပြီးဆုံးသွားပြီ’ ဆိုပြီး ပို့စ်တင်ကာ ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ အသက် ၄၀ အရွယ် ရှိပြီ ဖြစ်တဲ့ ရော်နယ်ဒိုက ၂၀၂၂ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက် ကနေ အဲလ်နာဆာကို ပြောင်းရွှေ့ခဲ့ပြီး ဒီနွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အဲလ်နာဆာ အတွက် နှစ်ရာသီခွဲကြာ ကာလ အတွင်း ပြိုင်ပွဲစုံ ၁၁၁ ပွဲ ကစားကာ ၉၈ ဂိုး သွင်းယူပေးခဲ့ပေမယ့် သူ့ရဲ့ အသင်း ကတော့ အဓိက ဆုဖလား အောင်မြင်မှုတွေ မရရှိခဲ့ပါဘူး။ ရော်နယ်ဒိုဟာ ဒီရာသီ မှာလည်း သွင်းဂိုး ၂၄ ဂိုးနဲ့အတူ ဆော်ဒီပရိုလိဂ်ရဲ့ သွင်းဂိုး အများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ အဲလ်နာဆာက အဓိက ပြိုင်ဘက်တွေ ဖြစ်တဲ့ အဲလ်အစ်တီဟတ်နဲ့ အဲလ်ဟီလာ တို့ကို မကျော်နိုင်ခဲ့တာက အောင်မြင်မှုတွေ အမြဲတမ်း ဆာလောင်နေတဲ့ ရော်နယ်ဒို အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။
အဲလ်နာဆာဟာ ပြီးခဲ့တဲ့ အာရှချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဂျပန် ကလပ် ကာဝါဆာကီ ဖရန့်တေးလ်ကို ရှုံးနိမ့်ခဲ့သလို ဆော်ဒီပရိုလိဂ် မှာလည်း အဆင့် ၃ နေရာနဲ့ ရာသီသိမ်းခဲ့ရပါတယ်။ ဒါ့အပြင် အဲလ်နာဆာဟာ ပြည်တွင်း ပြိုင်ဘက် အဲလ်ဟီလာလိုမျိုး ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကိုလည်း ဝင်ခွင့် မရခဲ့ပါဘူး။ ကလပ် ကမ္ဘာ့ဖလား ကတော့ အမေရိကန် ပြည်ထောင်စုမှာ ဇွန်လ ၁၄ ရက်နေ့ ကနေ ပုံစံသစ်နဲ့ ပြောင်းလဲ ကျင်းပမှာ ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်နဲ့ စပိုတင်းလစ္စဘွန်း တိုရဲ့ ကြယ်ပွင့်ဟောင်း အနေနဲ့ ဒီပြိုင်ပွဲမှာ ပါဝင် ကစားဖို့ အတွက် ဆွေးနွေးမှုတွေ ရှိနေကြောင်း ဖီဖာ ဥက္ကဋ္ဌ အင်ဖာတီနိုက ဖွင့်ဟထားပါတယ်။

ဘယ်လွန်ဒေါ ၅ ကြိမ်ရထားတဲ့ ရော်နယ်ဒိုဟာ အဲလ်နာဆာမှာ သူ့ရဲ့ ကစားသမား ဘဝကို အဆုံးသတ်နိုင်တယ်လို့ ပြီးခဲ့တဲ့နှစ်က ပြောကြားခဲ့ဖူးပေမယ့် အခုအခါမှာတော့ “ဒီအခန်းကဏ္ဍက ပြီးဆုံးသွားပါပြီ။” ဆိုပြီး ရော်နယ်ဒိုက အဲလ်နာဆာ ဂျာစီ ဝတ်ဆင်ထားတဲ့ ဓာတ်ပုံနဲ့ အတူ သူ့ရဲ့ ဆိုရှယ်မီဒီယာ အကောင့် ကနေ သဲလွန်စပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုက ‘စတိုရီလား။ ဆက်ရေးသားနေတုန်းပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။’ လို့ ရေးသားထားခဲ့ပါသေးတယ်။
ကလပ် ကမ္ဘာ့ဖလားမှာ ပါဝင် ယှဉ်ပြိုင်ခွင့် ရထားတဲ့ ၃၂ သင်းဟာ ကစားသမားတွေ ခေါ်ယူ အားဖြည့်နိုင်ဖို့ ဇွန်လ ၁ ရက်နေ့ ကနေ ၁၀ ရက်နေ့ အထိ အထူး အပြောင်းအရွှေ့ကာလ တစ်ခု ရရှိမှာ ဖြစ်ပါတယ်။ ဒီလို အပြောင်းအရွှေ့ ရှိနေတာ အပြင် ဖီဖာ ဥက္ကဌ အင်ဖာတီနိုရဲ့ ပြောကြားချက် အရ ဆိုရင်တော့ ရော်နယ်ဒိုကို ၃၂ သင်းထဲက တစ်သင်းသင်းမှာ မြင်တွေ့ရဖွယ် ရှိနေပါတယ် အင်ဖာတီနိုက “ရော်နယ်ဒိုလည်း ကလပ် ကမ္ဘာ့ဖလားမှာ တသင်းသင်း အတွက် ကစားနိုင်တယ်၊ တချို့ ကလပ်တွေနဲ့ ဆွေးနွေးမှုတွေ ရှိနေတယ်၊ ဒါကြောင့် ကလပ် ကမ္ဘာ့ဖလား အတွက် ရော်နယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ ကလပ်တွေ ရှိနေတယ် ဆိုရင် ဘယ်သူသိနိုင်မလဲ” ဆိုပြီး နာမည်ကျော် Youtuber နဲ့ streamer ဖြစ်သူ IShowSpeed နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ ခေတ်ပြိုင် လီယွန်နယ် မက်ဆီ ကတော့ အင်တာမိုင်ယာမီနဲ့ အတူ ကလပ် ကမ္ဘာ့ဖလားမှာ ဝင်ရောက် ကစားမှာ ဖြစ်တာကြောင့် ရော်နယ်ဒို ကိုရော ဘယ်အသင်းမှာ မြင်တွေ့ရမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.