အူနိုင်း အမ်မရီရဲ့ အက်စတွန်ဗီလာ ကတော့ မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ကို ၂-၁ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အက်စတွန်ဗီလာဟာ နှစ်ပေါင်း ၁၀၀ ကျော် အတွင်း ပထမဦးဆုံး အကြိမ် အဖြစ် ၁၀ ပွဲ ဆက်တိုက် နိုင်ပွဲ ရရှိခဲ့တာ ဖြစ်သလို ၁၉၉၀ နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် အင်္ဂလန်ရဲ့ အဆင့်မြင့်တန်း ပြိုင်ပွဲမှာ ၇ ပွဲ ဆက်တိုက် နိုင်ပွဲ ရရှိခဲ့ပါတယ်။
ဒီပွဲမှာ အဓိက ခြေစွမ်းပြသွားခဲ့တာက အက်စတွန်ဗီလာ တိုက်စစ် ကစားသမား မော်ဂန် ရော်ဂျာစ် ဖြစ်ပြီး အနိုင်ဂိုး ၂ ဂိုး စလုံးကိုလည်း သူတစ်ယောက်တည်းကပဲ သွင်းပေးခဲ့တာပါ။ ယူနိုက်တက် ကလည်း သူတို့ အမြဲတမ်း ရလဒ်ကောင်းလေ့ ရှိတဲ့ ဗီလာပါ့ခ်မှာ အက်စတွန်ဗီလာကို ပုံစံကောင်း တစ်ခုနဲ့ အပြန်အလှန် တုန့်ပြန် ကစားသွားနိုင်ခဲ့ပေမယ့် ခံစစ်ပိုင်း အားနည်းမှု တချို့ကြောင့်သာ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ယူနိုက်တက် အနေနဲ့ ဒီပွဲမှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အပြင် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ဒဏ်ရာသွားတာကြောင့်လည်း ပိုပြီး နစ်နာခဲ့ရပါတယ်။
အက်စတွန်ဗီလာရဲ့ အဖွင့်ဂိုးကို ပွဲချိန် ၄၅ မိနစ်မှာ မော်ဂန် ရော်ဂျာစ်က လှလှပပ သွင်းယူပေးခဲ့ပြီးနောက် မိနစ်ပိုင်း အကြာမှာပဲ ကူညာက ကန်ချက် ပြင်းပြင်းပြင်းနဲ့ ချေပဂိုး သွင်းယူပေးခဲ့လို့ ၁-၁ ဖြစ်ခဲ့ပါတယ်။ ကူညာ ကတော့ အက်စတွန်ဗီလာနဲ့ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲ ဆက်တိုက် (ဝုဗ်နဲ့ ၂ ဂိုး၊ ယူနိုက်တက်နဲ့ ၁ ဂိုး) ဂိုးသွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ကတော့ မိနစ် ၄၀ လောက်ကတည်းက တံကောက်ကြော ဒဏ်ရာ ရရှိခဲ့ပေမယ့် ပထမပိုင်းပြီးတဲ့ အထိ ကစားပေးသွားခဲ့ပြီး ပထမပိုင်း အပြီး မှာတော့ အမော်ရင်က လီဆန်ဒရို မာတီနက်ဇ်နဲ့ လူစားလဲခဲ့ပါတယ်။ ဒါ့အပြင် ဒီနေ့ပွဲမှာ အာမက်ဒ် ဒီယာလိုနဲ့ ဘရိုင်ယန် အမ်ဘူမိုတို့ မပါခဲ့တာ ကလည်း ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းကို သိသိသာသာ အားနည်းစေခဲ့ပါတယ်။ ဒါ့အပြင် ကတ်စ်မဲရိုး (ပွဲပယ်)၊ ကိုဘီ မိန်းနူး (ပွဲမတိုင်ခင် လေ့ကျင့်ခန်း အစီအစဉ်မှာ ဒဏ်ရာရ) တို့ မပါဝင်ခဲ့တာ ကလည်း အသင်းရဲ့ စုဖွဲ့မှု အတွက် သက်ရောက်မှု ရှိစေခဲ့တာပါ။

အူဂါတေး ကတော့ ခြေစွမ်းမပြနိုင်တာကြောင့် ဒီနေ့ပွဲမှာ ယူနိုက်တက် ပရိသတ်တွေရဲ့ အမျက်ရှခံခဲ့ရပြီး မှတ်တမ်းတွေအရ ယူနိုက်တက်က အခုပွဲ အပါအဝင် သူ ပွဲထွက်ကစားတဲ့ ပရီးမီးယားလိဂ် ၇ ပွဲ ဆက်တိုက် ရှုံးပွဲတွေ့ခဲ့ပါတယ်။ ဒုတိယပိုင်း ၅၇ မိနစ်မှာ ဗီလာတို့ အနိုင်ဂိုး ရသွားခဲ့ပြီး ဒီဂိုး ကိုလည်း မော်ဂန် ရော်ဂျာစ် ကပဲ ပထမဂိုး အတိုင်း ပုံစံတူ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ မော်ဂန် ရော်ဂျာစ်ဟာ ပရီးမီးယားလိဂ်မှာ ယူနိုက်တက် ဘက်ကို တစ်ပွဲတည်း ၂ ဂိုး သွင်းနိုင်တဲ့ ဒုတိယမြောက် အက်စတွန်ဗီလာ ကစားသမား ဖြစ်လာသလို ဒဗ္ဗလင် (၁၉၉၈ နိုဝင်ဘာ) နောက်ပိုင်း ပရီးမီးယားလိဂ် ၂ ပွဲ ဆက်တိုက် ၂ ဂိုးနဲ့ အထက် သွင်းခဲ့တဲ့ ပထမဦးဆုံး အက်စတွန်ဗီလာ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ရော်ဂျာစ်ရဲ့ သွင်းဂိုး ၂ ဂိုးစလုံး အတွက် အဓိက တာဝန်ရှိခဲ့တာ ကတော့ လီနီ ယိုရိုပဲ ဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် အက်စတွန်ဗီလာက ၁၉၁၄ ခုနှစ် မတ်လက ပြိုင်ပွဲစုံ ၁၁ ပွဲဆက် အနိုင်ရပြီး နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် ပြိုင်ပွဲစုံမှာ ၁၀ ပွဲဆက် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် တုနှိုင်းမမှီ အူနိုင်း အမ်မရီ ကလည်း နှစ်ပေါင်း ၁၂၀ အတွင်း ပြိုင်ပွဲစုံ ၁၀ ပွဲဆက် အနိုင်ရတဲ့ မှတ်တမ်းကို ၂ ကြိမ်တိုင်တိုင် ရယူနိုင်တဲ့ ပထမဦးဆုံး အက်စတွန်ဗီလာ နည်းပြ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ယူနိုက်တက် အနေနဲ့ အခုပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့်လည်း နည်းပြ ရူဘင် အမော်ရင် ကတော့ သူတို့ အသင်းက ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ကြောင်း ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။ အမှန်တကယ်လည်း ယူနိုက်တက်ဟာ လုပ်အားနှုန်း၊ ဂိုးပေါက် ခြိမ်းခြောက်မှု၊ ဘောလုံးပိုင်ဆိုင်မှုတွေမှာ ဗီလာထက် သာလွန်ခဲ့ပေမယ့် ပွဲအပြီး မှာတော့ ရမှတ် ဗလာနဲ့ အိမ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။
ပွဲစဉ် ၁၇ အပြီး မှာတော့ အက်စတွန်ဗီလာက ရမှတ် ၃၆ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး အာဆင်နယ်နဲ့ မန်စီးတီးကို ဆက်လက် ဖိအားပေးထားနိုင်ခဲ့ပါတယ်။ ယူနိုက်တက် ကတော့ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေခဲ့ပြီးတော့ လာမယ့် ဒီဇင်ဘာ ၂၇ ရက်နေ့မှာလည်း ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ အဖြစ် နယူးကာဆယ်နဲ့ ပွဲကြပ်ကစားရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


