မန်ချက်စတာစီးတီး ၅-၀ နယူးကာဆယ်
အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် (၃၆) ရဲ့ နောက်ဆုံးပွဲ မှာတော့ မန်ချက်စတာစီးတီးတို့ နယူးကာဆယ်ကို အိမ်ကွင်း အီတီဟတ်မှာ ၅-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ လစ်ဗာပူးလ်ရဲ့ ခြေချော်မှုကို အခွင့်ကောင်းယူနိုင်ခဲ့တဲ့ စီတီဇင်တို့ လက်ကျန် ၃ ပွဲသာ ကစားဖို့ ကျန်ရှိချိန်မှာ ဇယားထိပ်ကနေ ၃ မှတ် ဖြတ် ဦးဆောင်နိုင်ခဲ့သလို ဂိုးကွာခြားချက်ပါ အသာရသွားတာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုကို နှစ်နှစ်ဆက်တိုက် ကိုင်မြှောက်နိုင်ဖို့ ပိုပြီး နီးစပ်သွားခဲ့ပါတယ်။
ပွဲစဉ်အကျဉ်း

ထုံးစံ အတိုင်း ပပ်ရဲ့ အသင်းက ၄-၃-၃ အခင်းအကျင်းနဲ့ အတူ တိုက်စစ်မှာ စတာလင်၊ ဂျီဆုစ်၊ ဂရီးလစ်ရှ်၊ ကွင်းလယ်မှာ ရိုဒရီ၊ ဒီဘရိုင်းနားနဲ့ ဂွန်ဒိုအန်၊ ခံစစ်နဲ့ ဂိုးမှာတော့ ဒီးရာ့စ်၊ ကန်ဆယ်လို၊ လာပေါ့တ်၊ ဇင်ချန်ကိုနဲ့ အီဒါဆင် တို့ကို ပွဲထွက်စေခဲ့ပါတယ်။ နယူးကာဆယ် ကလည်း ၄-၃-၃ နဲ့ပဲ ပြန်လည် ရင်ဆိုင်ခဲ့ပြီး ဝုဒ်၊ အဲလ်မီရွန်၊ စိန့်မက်ဆီမင်၊ ဂီမာရေးစ်၊ လောင်းစတက်ဖ်၊ ဂျိုးလင်တန်၊ ဒန်ဘန်း၊ ခရက်ဖ်၊ တားဂတ်၊ လက်ဆဲလက်စ်၊ ဒူဗရက်ဗ်ကာ တို့နဲ့ အတောင့်တင်းဆုံး ပွဲထွက်လာခဲ့ပါတယ်။
နယူးကာဆယ်တို့ တောက်လျောက် ခြေစွာခဲ့သမျှ လစ်ဗာပူးလ်နဲ့ ပွဲအပြီး မန်စီးတီးကို ရင်ဆိုင်လိုက်ရချိန်မှာတော့ အဘက်ဘက်က ဘယ်လိုမှ မယှဉ်နိုင်ပဲ ခြေပြတ်၊ ဂိုးပြတ် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ မန်စီးတီး ကတော့ သူတို့ရဲ့ ကစားဟန် အတိုင်း High Pressing နဲ့ ပွဲကို ထိန်းချုပ်ဖို့ ကြိုးပမ်းလာခဲ့ပြီး နယူးကာဆယ် ကတော့ ဂီမာရေးစ်နဲ့ မက်ဆီမင် တို့ကို အဓိက အားပြုကာ တန်ပြန် တိုက်စစ်နဲ့ အခွင့်အရေး စောင့်ကစားခဲ့ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးလို အသင်းကို အီတီဟတ်မှာ သွားရောက် ရင်ဆိုင်ခဲ့ရတဲ့ နယူးကာဆယ်တို့ ပွဲချိန် ကြာလာတာနဲ့ အမျှ ပြိုင်ဘက်ရဲ့ ကစားကွက် အောက်ကို ရောက်ခဲ့ရပါတယ်။ မန်စီးတီး အတွက် ဂိုးတွေ ကိုတော့ ပွဲချိန် ၁၉ မိနစ်နဲ့ ၉၀+၃ မှာ စတာလင်၊ ၃၈ မိနစ်မှာ လာပေါ့တ်၊ ၆၁ မိနစ် မှာ ရိုဒရီနဲ့ မိနစ် ၉၀ တို့မှာ ဖေးလ်ဖိုဒန် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။




ပွဲပြီးသုံးသပ်ချက်
မန်စီးတီးတို့ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဘောလုံးပိုင်ဆိုင်မှု ၇၁ ရာခိုင်နှုန်းလောက် အသာစီးရယူပြီး ကစားနိုင်ခဲ့သလို ဂိုးပေါက် ကန်ချက် ၂၂ ကြိမ် အထိ ရှိခဲ့တာ ဖြစ်ပါတယ်။ ဂိုးပေါက် တည့်မှု ကလည်း ၉ ကြိမ် အထိ ရှိခဲ့ပြီး နယူးကာဆယ် ကတော့ ဂိုးပေါက် ကန်ချက် ၇ ကြိမ် သာ ပြုုလုပ်နိုင်ခဲ့သလို ဂိုးပေါက် တည့်မှု ကလည်း ၃ ကြိမ်သာ ရှိခဲ့ပါတယ်။ အဓိက ကတော့ ဒီနေ့ပွဲမှာ မန်စီးတီး ကွင်းလယ်က တိုက်စစ်နဲ့ ခံစစ် မျှတအောင် ထိန်းညှိပေးနိုင်ခဲ့ပြီး နယူးကာဆယ်တို့ နလံမထူနိုင်လောက်အောင် ထိန်းချုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အစောပိုင်းက ကစားခဲ့တဲ့ လစ်ဗာပူးလ်နဲ့ စပါး ပွဲစဉ်ဟာ သရေ ရလဒ်နဲ့ ပြီးဆုံးခဲ့တာကြောင့် မန်စီးတီးတို့ သေချာပေါက် အနိုင် ၃ မှတ် ရရှိဖို့ အပြည့်အဝ အားစိုက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်စီးတီးတို့ လစ်ဗာပူးလ်ဆီ ခဏတာ လက်လွှဲပေးထားရတဲ့ ပရီးမီယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး ဂိုးကွာခြားချက်ပါ အသာရသွားခဲ့ပါတယ်။ လက်ကျန် ပွဲစဉ် အခြေအနေအရ မန်စီးတီးတို့ ဝုဗ်၊ ဝက်စ်ဟမ်း၊ ဗီလာ တို့နဲ့ ကစားဖို့ ကျန်ရှိပြီး လစ်ဗာပူးလ် ကတော့ ဗီလာ၊ ဝုဗ်၊ ဆောက်သမ်တန်နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။ ကလော့ပ်ရဲ့ အသင်းက ကြားရက်မှာ ချဲလ်ဆီးနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားဖို့ ရှိနေလို့ ပွဲပန်းနိုင်ပြီး ဒီအချက် ကလည်း ပရီးမီးယားလိဂ် ချန်ပီယံဆု တိုက်ပွဲမှာ မန်စီးတီး အတွက် အားသာချက် ဖြစ်သွားစေနိုင်ပါတယ်။ ဒါပေမယ့်လည်း ဘောလုံး ဆိုတာ ဘာမဆို ဖြစ်တတ်တဲ့ အလေ့အထ ရှိလို့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မန်စီးတီးပဲ ထပ်မံ ကိုင်မြှောက်နိုင်မလား လစ်ဗာပူးလ်ပဲ မထင်မှတ်တဲ့ အနေအထား ကနေ လုယူသွားနိုင်မလား ဆိုတာ ပွဲစဉ် ၃၈ ပြီးဆုံးချိန် အထိ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
နယူးကာဆယ် ကတော့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးနိမ့်ခဲ့တာကြောင့် အဆင့် ၁၃ နေရာကို ပြန်ဆင်းသွားခဲ့ရပြီး အဆင့် ၁၀ အတွင်း ကနေ ရာသီသိမ်းနိုင်ရေး မျှော်လင့်ချက်တွေလည်း ဝေဝါးသွားခဲ့ပါတယ်။
လာမယ့်ပွဲစဉ်များ
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.