ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် ကတော့ ဖရန့်ဖတ် တိုက်စစ်မှူး ဟူဂို အစ်ကီတီကီကို စိတ်ဝင်စားနေတဲ့ နောက်ဆုံး အသင်း တစ်သင်း ဖြစ်လာကြောင်း သတင်းတွေက ဖော်ပြပါတယ်။ အသက် ၂၂ နှစ် အရွယ် ပြင်သစ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်စ်လီဂါမှာ ၁၅ ဂိုးသွင်းကာ ၈ ဂိုးဖန်တီးပြီး ထူးခြားတဲ့ ရာသီ တစ်ခုကို ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ဟူဂို အစ်ကီတီကီဟာ တိုက်စစ်ပိုင်း အင်အား ဖြည့်တင်းဖို့ ပြင်ဆင်နေတဲ့ ဥရောပ ထိပ်တန်း ကလပ်တွေ အတွက် အလားအလာ ရှိတဲ့ အပြောင်းအရွှေ့ ပစ်မှတ် အဖြစ် ပေါ်ထွက်လာခဲ့သူ ဖြစ်ပါတယ်။
အစ်ကီတီကီကို အရင်ဆုံး စိတ်ဝင်စားခဲ့တဲ့ ပရီးမီးယားလိဂ် ကလပ်က ချဲလ်ဆီး ဖြစ်ပြီးတော့ နောက်ပိုင်းမှာ လစ်ဗာပူးလ် ကလည်း စိတ်ဝင်စားနေတဲ့ အသင်းတွေထဲ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဖရန့်ဖတ် အမှုဆောင် အရာရှိချုပ် မားကပ်စ် ခရိုချီက သူတို့ရဲ့ ကစားသမား အတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၁၀၀ (ပေါင် ၈၅.၂ သန်း) သတ်မှတ်ခဲ့ပြီး ဒီပမာဏမှ မရရင် အပြောင်းအရွှေ့ ကိစ္စတွေ စတင်နိုင်ဖို့ မရှိကြောင်း အတိအလင်း ထုတ်ဖော် ပြောကြားထားပြီး ဖြစ်ပါတယ်။
ပြင်သစ်သားရဲ့ အပြောင်းအရွှေ့ အတွက် နောက်ဆုံး ပါဝင်လာတဲ့ အသင်း ကတော့ မန်ချက်စတာယူနိုက်တက် ဖြစ်ကြောင်း Sky Sports Germany ကနေ ဖော်ပြထားပါတယ်။ ယူနိုက်တက်ဟာ မကြာသေးခင် ရက်ပိုင်းက အစ်ကီတီကီကို ခေါ်ယူဖို့ စုံစမ်း မေးမြန်းမှုတွေ ပြုလုပ်ထားခဲ့တယ်လို့လည်း သိရပါတယ်။

ယူနိုက်တက်ဟာ ဒီနွေရာသီမှာ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ရဲ့ ဘရာဇီးလ် တိုက်စစ် ကစားသမား မားသီးယက်စ် ကူညာကို ပေါင် ၆၂.၅ သန်းနဲ့ ခေါ်ယူခဲ့ပြီးနောက် နောက်ထပ် တိုက်စစ် ကစားသမား တစ်ဦး ထပ်မံ ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ကူညာဟာ ရူဘင် အမော်ရင်ရဲ့ ကွင်းလယ်ပိုင်းမှာ ပါဝင် ကစားရဖို့ ရှိနေပြီးတော့ ယူနိုက်တက်ဟာ အဓိက တိုက်စစ်မှူး တစ်ဦး အလိုရှိနေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်ထိ ယူနိုက်တက်က အခိုင်အမာ ချိတ်ဆက်ထားတဲ့ တိုက်စစ်မှူးဟာ စပို့တင်းလစ္စဘွန်းက ဗစ်တာ ယိုကီးရက်စ် ဖြစ်ပါတယ်။ ရူဘင် အမော်ရင် ကတော့ စပို့တင်းလစ္စဘွန်းမှာ သူနဲ့ လက်တွဲခဲ့ဖူးတဲ့ တပည့်ဟောင်း ဆွီဒင် တိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတာပါ။ ဒါပေမယ့်လည်း စပို့တင်း ဘက်ကတော့ သူတို့ရဲ့ တိုက်စစ်မှူး အတွက် ယခင်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးထက် ပိုပြီး လိုချင်လာတာကြောင့် ခေါ်ယူဖို့တော့ အခက်အခဲ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် ယိုကီးရက်စ်ကို ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ် ကလည်း ကမ်းလှမ်းမှု တစ်ကြိမ် ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ယိုကီးရက်စ်ရဲ့ အပြောင်းအရွှေ့က လက်ရှိမှာ တော်တော်လေး ရှုပ်ထွေးလျက်ရှိတာကြောင့် ယူနိုက်တက် အနေနဲ့လည်း တခြားသော ပစ်မှတ် အဖြစ် ဟူဂို အစ်ကီတီကီကို ပြောင်းလဲ ကြိုးပမ်းဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။
အစ်ကီတီကီ ကတော့ ဒီနွေရာသီမှာ ၎င်းရဲ့ ကစားသမားဘဝကို နောက်တစ်ဆင့် တက်လှမ်းဖို့ စိတ်အားထက်သန်နေတယ်လို့ ယူဆရပေမယ့်လည်း ဖရန့်ဖတ် ဘက်ကတော့ အလျင်စလို ရောင်းထုတ်လိုခြင်း မရှိကြောင်း သိရပါတယ်။ ဖရန့်ဖတ်ဟာ ပြင်သစ် လူငယ် တိုက်စစ်မှူးကို ပြီးခဲ့တဲ့ နွေရာသီကမှ ပီအက်စ်ဂျီ ကနေ ပြောင်းရွှေ့ကြေး ယူရို ၁၆.၅ သန်း (ပေါင် ၁၄.၁ သန်း) နဲ့သာ ခေါ်ယူခဲ့တာ ဖြစ်ပြီး ၂၀၂၉ ခုနှစ် အထိ ကာလရှည် စာချုပ်ချုပ်ဆိုထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.