အခုတစ်ပတ် စနေနေ့ည ပရီးမီးယားလိဂ် ပွဲစဉ် ၉ ရဲ့ နောက်အကျဆုံး ပွဲစဉ် မှာတော့ လစ်ဗာပူးလ်က အဝေးကွင်းမှာ ဘရန့်ဖို့ဒ်ကို အပြန်အလှန် သွင်းဂိုးတွေနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ အာနေး ဆလော့တ်ရဲ့ အသင်းက ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်းနဲ့ အမှတ်ပေးဇယား အဆင့် ၆ နေရာ အထိ ကျဆင်းသွားခဲ့ပါတယ်။
ဒီနေ့ပွဲမှာ ဘရန့်ဖို့ဒ်က ၄-၂-၃-၁ အခင်းအကျင်းနဲ့ အတူ အီဂေါ သီယာဂို၊ ဒမ်းစ်ဂတ်၊ ဟန်ဒါဆန်၊ ဗန်ဒန်ဘက်ဂျ်၊ ကောလင်းန်၊ အယား၊ ခယ်လာဟာ တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ လစ်ဗာပူးလ် ဘက်မှာတော့ အိဆက်ခ်၊ ဂရာဗန်ဘက်ဂျ်၊ ဖရင်မ်ပေါင် တို့ ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပဲ တိုက်စစ်မှာ အစ်ကီတီကီ၊ တောင်ပံ နှစ်ဖက်မှာ ဆာလာ၊ ဂက်ခ်ပို၊ ကွင်းလယ်မှာ ဖလော်ရီယန် ဝစ်ဇ်၊ ဆိုဘို့ဇ်လိုင်း၊ ဂျုံးစ်၊ ကာကက်ဇ်၊ ဗန်ဒိုက်ခ်၊ ကိုနာတေး၊ ဘရက်ဒ်လီ၊ မာမာဒက်ရှ်ဗီလီ တို့ကို ပွဲထွက်စေခဲ့ပါတယ်။
လစ်ဗာပူးလ်ရဲ့ နောက်ထပ် ဆိုးရွားတဲ့ ခြေစွမ်းကို မြင်တွေ့ခဲ့ရပြီး ကွင်းလယ်က ဆိုဘို့ဇ်လိုင်းက လွဲလို့ တစ်သင်းလုံး ပုံမှန် ခြေစွမ်းအောက်မှာသာ ရှိနေခဲ့ပါတယ်။ ဘရန့်ဖို့ဒ် ကတော့ ပွဲချိန် ၅ မိနစ် မှာတင်ပဲ အော့တာရာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပွဲချိန် ၄၅ မိနစ် မှာလည်း ချာဒီက ဒုတိယ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီး မှာတော့ လစ်ဗာပူးလ်တို့ ချေပဂိုး တစ်ဂိုး ပြန်ရခဲ့ပြီး ကာကက်ဇ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ဒုတိယပိုင်း ပွဲပြန်စချိန်မှာ လစ်ဗာပူးလ်တို့ ပွဲကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဘရန့်ဖို့ဒ်က ပိုကောင်းတဲ့ တိုက်စစ် ကစားပုံနဲ့ အတူ လစ်ဗာပူးလ် ဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ပွဲချိန် မိနစ် ၆၀ မှာ ဗန်ဒိုက်ခ်ကြောင့် လစ်ဗာပူးလ်တို့ ပင်နယ်တီပေးခဲ့ရပြီး အီဂေါ သီယာဂိုက အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့လို့ ဘရန့်ဖို့ဒ်တို့ ၃-၁ ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ လစ်ဗာပူးလ်က ပွဲကို တစ်ဖက်သတ် ဖိကစားခဲ့ပေမယ့် မိုဟာမက် ဆာလာရဲ့ ချေပဂိုး ၁ ဂိုးဟာ မလုံးလောက်ခဲ့ပဲ ရှုံးပွဲ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

ဒီရှုံးပွဲကြောင့် လစ်ဗာပူးလ်ဟာ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာ ပထမဦးဆုံး အကြိမ် အဖြစ် ပရီးမီးယားလိဂ် ၄ ပွဲဆက် ရှုံးနိမ့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ ပရီးမီးယားလိဂ် သမိုင်းတလျှောက်မှာ ပထမဦးဆုံး အကြိမ် အဖြစ်လည်း လန်ဒန် အခြေစိုက် ကလပ်တွေကို ၅ ပွဲဆက် ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်ဟာ ဘရန့်ဖို့ဒ်ကို ရှုံးပြီးနောက် အဓိက ပြိုင်ဘက် တချို့ ပွဲမကစားရသေးခင်မှာပဲ အဆင့် ၆ နေရာကို ရောက်ရှိသွားခဲ့ပြီး အဆင့် ၁ နေရာက အာဆင်နယ်ထက် တစ်ပွဲ ပိုကစားပြီး ၄ မှတ်လျော့ အနေအထားထိ ဖြစ်သွားခဲ့ပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်က ဒီရာသီမှာ အဖွင့်မလှခဲ့တဲ့ မန်ချက်စတာယူနိုက်တက် ထက်တောင် ရမှတ် လျော့နည်းနေပြီ ဖြစ်သလို ကျော်တက်ခြင်းလည်း ခံလိုက်ရပြီ ဖြစ်ပါတယ်။
ဒီတော့ ပြောစရာ ရှိလာတာက လစ်ဗာပူးလ်ဟာ နည်းပြဟောင်းကြီး ယာဂန် ကလော့ပ်ရဲ့ အရှိန်တခု ရပ်တန့်သွားပြီလား ဆိုတာပါ။ လစ်ဗာပူးလ်ဟာ ဒီနွေမှာ အဓိက ပြိုင်ဘက်တွေထက် ပိုပြီး ငွေသုံးခဲ့သလို ထိပ်တန်း ကစားသမားတွေကိုပဲ ရွေးခေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ်ဟာ ကစားသမားသစ်တွေနဲ့ ကစားသမားဟောင်းတွေ အကြား အချိတ်အဆက် မမိတာ၊ ဆလော့တ်ရဲ့ နည်းစနစ်ပိုင်းက အလုပ်မဖြစ်တော့တာတွေကြောင့် ရလဒ်တွေ တောက်လျောက် ဆိုးရွားနေပြီ ဖြစ်ပါတယ်။ ဆာလာရဲ့ သိသိသာသာ ခြေစွမ်းကျဆင်းသွားခြင်း ကလည်း လစ်ဗာပူးလ် အတွက် သက်ရောက်မှု ကြီးမားနေခဲ့ပြီး အစ်ကီတီကီ၊ ဂက်ခ်ပို၊ ဝစ်ဇ် တို့ရဲ့ ပေါ့ပျက်ပျက်ဆန်နေတဲ့ ကစားဟန် ကလည်း စိတ်ပျက်စရာပါ။ ဒါ့အပြင် နောက်ခံ အစွန်လူတွေ ဖြစ်တဲ့ ကာကက်ဇ်နဲ့ ဘရက်ဒ်လီ တို့ရဲ့ နည်းစနစ်ပိုင်းနဲ့ အံမဝင်မှု၊ လေးကန်နေတဲ့ ဗန်ဒိုက်ခ်နဲ့ ကိုနာတေး တို့ရဲ့ ဗဟိုခံစစ်တွေ ကိုလည်း ပြင်ဆင်နိုင်ဖို့ လိုအပ်နေပါပြီ။ ဆလော့တ် အနေနဲ့ အသင်းရဲ့ အားနည်းချက်တွေကို မြင်နေရက်နဲ့ မပြင်ဆင်နိုင်ဘူး ဆိုရင်တော့ သေချာပေါက် အခုထက် ပိုပြီး နိမ့်ပါးလာဖို့ပဲ ရှိပါတယ်။ ဘာကြောင့်လဲ ဆိုရင်တော့ လာမယ့် ပွဲစဉ်တွေဟာ လစ်ဗာပူးလ် အတွက် အတိုင်းအတာ တစ်ခု အထိ ခက်ခဲနေဦးမှာ ဖြစ်လို့ပါပဲ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


