၂၀၂၅ ခုနှစ် အာဖရိက အကောင်းဆုံး ဘောလုံးသမားဆု အတွက် ဆန်ခါတင် ကစားသမား ၁၀ ဦး စာရင်း ကတော့ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီစာရင်း မှာတော့ ပရီးမီးယားလိဂ်က မိုဟာမက် ဆာလာနဲ့ အတူ ပိပ် မာတာ ဆားနဲ့ အီလီမန် အန်ဒီယေး တို့လည်း ပါဝင်လာခဲ့ကြောင်း သိရပါတယ်။
အာဖရိက ဘောလုံး အဖွဲ့ချုပ် (CAF) က ထုတ်ပြန်တဲ့ ၂၀၂၅ ခုနှစ် အာဖရိက အကောင်းဆုံး ကစားသမားဆု အတွက် ဆန်ခါတင် ၁၀ ဦး စာရင်းမှာ ပါဝင်နေသူတွေ ကတော့ အန်ဒရေ ဖရန့်ခ် ဇမ်ဘို- အန်ဂီဆာ (နာပိုလီ၊ ကင်မရွန်း)၊ ဒန်းနစ် ဘူအန်ဂါ (အဲလ်အေအက်ဖ်စီ၊ ဂါဘွန်)၊ ဆာဟူး ဂူရက်ဆီ (ဒေါ့မန်၊ ဂီနီ)၊ အာချက်ဖ် ဟာကီမီ (ပီအက်စ်ဂျီ၊ မော်ရိုကို)၊ အူဆာမာ လမ်လီအူ (ဘာကာနီ၊ မော်ရိုကို)၊ ဖစ်စတန် မာယီလီ (ပိရမစ်၊ DR ကွန်ဂို)၊ အီလီမန် အန်ဒီယေး (အဲဗာတန်၊ ဆီနီဂေါ)၊ ဗစ်တာ အိုဆင်မ်ဟန် (ဂါလာတာစာရေး၊ နိုင်ဂျီးရီးယား)၊ မိုဟာမက် ဆာလာ (လစ်ဗာပူးလ်၊ အီဂျစ်)နဲ့ ပိပ် မာတာ ဆား (တော့တင်ဟမ်ဟော့စပါး၊ ဆီနီဂေါ) တို့ပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က အကောင်းဆုံး ဘောလုံးသမားဆု ရရှိခဲ့တဲ့ အတ္တလန္တာက နိုင်ဂျီးရီးယား တိုက်စစ်မှူး အဒမ်မိုလာ လွတ်ခ်မန်း ကတော့ ဒီနှစ် အတွက် ဆန်ခါတင် စာရင်းမှာ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။ ဒါတောင် လွတ်ခ်မန်းဟာ ပြီးခဲ့တဲ့ ရာသီက အတ္တလန္တာ အတွက် ပြိုင်ပွဲစုံ ပွဲ ၄၀ ကစားပြီး ဂိုး ၂၀ သွင်းကာ ၆ ဂိုးဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။

လက်ရှိ ဆန်ခါတင် စာရင်းထဲမှာ ပါဝင်နေတဲ့ ဘောလုံးသမားတွေ အနက် မိုဟာမက် ဆာလာက အာဖရိက အကောင်းဆုံး ကစားသမားဆုကို ၂ ကြိမ် ရရှိထားပါတယ်။ ဗစ်တာ အိုဆင်မ်ဟန်က ၁ ကြိမ် ရရှိဖူးပြီး ကျန်ကစားသမားတွေက ဆုရရှိဖူးခြင်း မရှိသေးပါဘူး။ ဆာလာဟာ ပြီးခဲ့တဲ့ ရာသီက လစ်ဗာပူးလ် အတွက် ပြိုင်ပွဲစုံ ၅၂ ပွဲ ကစားပြီး ၃၄ ဂိုး သွင်းကာ ၂၃ ဂိုး ဖန်တီးပေးခဲ့ပြီး အမှတ်ပေး ချန်ပီယံဆုလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဆာလာက ပရီးမီးယားလိဂ်က ပေးအပ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုနဲ့ PFA ဆုတွေလည်း ရရှိထားပါသေးတယ်။ အိုဆင်မ်ဟန် ကတော့ ပြီးခဲ့တဲ့ ရာသီက ဂါလာတာဆာရေး အတွက် ပြိုင်ပွဲစုံ ၄၁ ပွဲ ကစားပြီး ၃၇ ဂိုး သွင်းကာ ၇ ဂိုး ဖန်တီးပေးထားပါတယ်။
သူတို့ နှစ်ဦး ကတော့ လက်ရှိမှာ ရေပန်းအစားဆုံး ဖြစ်နေပေမယ့် ဒီနှစ် အတွင်း စွမ်းဆောင်ရည်ကောင်းတွေ ပြသထားတဲ့ ဂူရက်ဆီ၊ အန်ဂီဆာ၊ ဟာကီမီ တို့ကလည်း ဒီဆုကို ရရှိသွားနိုင်ခြေ ရှိနေပါသေးတယ်။ ဟာကီမီ ဆိုရင် ပီအက်စ်ဂျီနဲ့ အတူ ဖလား ၃ လုံး အောင်ပွဲ ရရှိထားတာကြောင့် လစ်ဗာပူးလ်နဲ့ ပရီးမီးယားလိဂ် ဖလားရခဲ့တဲ့ ဆာလာနဲ့ အပြိုင် ဒီဆုကို ရရှိနိုင်ကြောင်း ထင်ကြေးပေးမှုတွေလည်း ထွက်ပေါ်နေပါတယ်။
CAF ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို အများဆုံး ရရှိထားကြသူတွေ ကတော့ ဆမ်မြူရယ် အီတူးနဲ့ ယာယာ တိုရေး (၄ ကြိမ်စီ)၊ ဂျော့ဂျ် ဝီယာ့ရ်နဲ့ အက်ဘီဒီ ပယ်လီ (၃ ကြိမ်စီ)၊ ဒီဒီယာ ဒရော့ဘာ၊ ရော်ဂျာ မီလာ၊ မိုဟာမက် ဆာလာ၊ ဆာဒီယို မာနေး၊ သောမက်စ် အန်ကိုနို၊ နွမ်ကဝို ကနူး၊ အဲလ်ဟက်ဂျီ ဒီယော့ဖ် (၂ ကြိမ်စီ) တို့ပဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


