ပေါ်တူဂီ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ပြီးခဲ့တဲ့ အိုင်ယာလန်နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပြိုင်ဘက် ကစားသမားကို တံတောင်နဲ့ တွတ်မိခဲ့တာကြောင့် အနီကတ် ပြသခံခဲ့ရပါတယ်။ သူ့ အနေနဲ့ အဲဒီ အနီကတ်ကြောင့် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု အဖွင့် ပွဲစဉ်တွေကို လွဲချော်ဖွယ် ရှိခဲ့ပေမယ့် အခုတော့ ဖီဖာရဲ့ ဆုံးဖြတ်ချက်အရ ပါဝင် ကစားခွင့် ရရှိသွားမယ်လို့ သိရပါတယ်။
အသက် ၄၀ အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင်က အိုင်ယာလန်နဲ့ ပွဲမှာ ပြိုင်ဘက် နောက်ခံလူ ဒါရာ အိုရှေးရဲ့ နောက်ကျောကို တံတောင်နဲ့ ရိုက်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီး အနီကတ် ပြသကာ ထုတ်ပယ်ခဲ့ပါတယ်။ တကယ်ဆိုရင် စည်းမျဉ်းတွေ အရ ရော်နယ်ဒိုဟာ ၃ ပွဲပယ် ပြစ်ဒဏ်အထိ ချမှတ်ခံရနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် ရော်နယ်ဒိုဟာ အာမေးနီးယားကို ၉-၁ နဲ့ အနိုင်ရတဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု နောက်ဆုံး ပွဲကို လွဲချော်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု အဖွင့် ၂ ပွဲ ကိုလည်း လွဲချော်နိုင်ဖွယ် ရှိကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် နောက်ဆုံး မှာတော့ ဒီအခြေအနေတွေကို ကျော်ဖြတ်နိုင်ခဲ့တာပါ။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ အရ ဆိုရင် ပြိုင်ဘက် ကစားသမားကို တံတွေးနဲ့ထွေးတာ၊ ခြေထောက်နဲ့ ကန်တာ၊ လက်သီးနဲ့ ထိုးတာ၊ တံတောင်နဲ့ ရိုက်တာ စတဲ့ အပြုအမူ တစ်ခုခု ကျူးလွန်ခဲ့ပါက အဲဒီကစားသမားကို အနည်းဆုံး ၃ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခွင့် ရှိကြောင်း သိရပါတယ်။

လက်ရှိ မှာတော့ ဖီဖာရဲ့ စည်းကမ်း ထိမ်းသိန်းရေး ကော်မတီက ပေါ်တူဂီ GOAT ကြီးကို အထူးအခွင့်အရေး တစ်ရပ် အနေနဲ့ တစ်ခါမှ မဆုံးဖြတ်ဖူးတဲ့ အခြေအနေမျိုး လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဖီဖာရဲ့ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ရော်နယ်ဒိုကို ၁ ပွဲပယ်နဲ့ ကျန်တဲ့ ၂ ပွဲကို ဆိုင်းငံ့ အဖြစ် ပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ရော်နယ်ဒိုက အာမေးနီးယားနဲ့ ပွဲမှာ ပုံမှန် အတိုင်း ပွဲပယ် ပြစ်ဒဏ်ကျခံပြီးသွားတာကြောင့် လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အုပ်စု အဖွင့်ပွဲက စပြီး ပါဝင် ကစားခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။ အကယ်၍ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပြိုင်ဘက်ကို အပေါ်က သတ်မှတ်ထားတဲ့ ပြစ်ဒဏ်မျိုး ထပ်မံ ကျူးလွန်ခဲ့မယ် ဆိုရင်တော့ ဆိုင်းငံ့ ပွဲပယ် ပြစ်ဒဏ်ကို ချက်ချင်း ကျခံရတော့မှာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရက်တွေတုန်း ကလည်း အမေရိကန် သမ္မတ ဒေါ်နယ်လ် ဂျေ ထရန့်ပ်ရဲ့ အိမ်ဖြူတော်ဆီ ဖိတ်ကြားခြင်း ခံခဲ့ရပြီး ဖီဖာ ဥက္ကဋ္ဌ အင်ဖန်တီနို အပါအဝင် ကမ္ဘာ့ နာမည်ကြီးတွေနဲ့ အတူ သွားရောက် လည်ပတ်ခဲ့ပါတယ်။ အဲဒီနောက် ရက်ပိုင်း အကြာမှာပဲ ဖီဖာက ရော်နယ်ဒိုကို အခုလို အထူး အခွင့်အရေး အဖြစ် ဆိုင်းငံ့ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဖီဖာရဲ့ ဆုံးဖြတ်ချက် အပေါ် ဝေဖန်သူတွေ ရှိနေသလို တစ်ဖက်မှာလည်း ရော်နယ်ဒို ပရိသတ်တွေ အတွက်တော့ သတင်းကောင်း ဖြစ်ခဲ့ပါတယ်။ ဗြိတိန် သတင်းစာ Daily Mail ရဲ့ ကလောင်ရှင် အီယန်လေ ဒီမန်း ကတော့ ဝေဖန် ပြောဆိုမှုတွေ ပြုလုပ်ထားပြီး ဖီဖာက ရော်နယ်ဒိုကို မျက်နှာလိုက်ခဲ့တာ ဖြစ်သလို တခြားသော ကစားသမားတွေ ဆိုရင် သေချာပေါက် ပွဲပယ် ပြစ်ဒဏ်ပဲ ချမှတ်လိမ့်မယ်လို့ သုံးသပ် ရေးသားခဲ့ပါတယ်။
ဒါကြောင့် ရော်နယ်ဒိုဟာ သူ့ရဲ့ လက်ရွေးစင် ကစားသမားဘ၀ နောက်ဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အုပ်စု အဖွင့်ပွဲ ကတည်းက ပါဝင်ကစားခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ၆ ကြိမ်မြောက် ပါဝင် ဆင်နွှဲခွင့်ရတဲ့ ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


