ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ဝုဗ် တိုက်စစ် ကြယ်ပွင့် မားသီးယပ်စ် ကူညာကို ဒီနွေရာသီ မှာ ခေါ်ယူနိုင်ဖို့ နီးစပ်လာနေပြီ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ ကတည်းက ဘရာဇီးလ် တိုက်စစ် ကစားသမားကို ခေါ်ယူချင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ ကူညာကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ပြိုင်ဘက် ကလပ် တစ်ခု ဖြစ်တဲ့ နယူးကာဆယ်နဲ့ အပြိုင် ကြိုးပမ်းရဖွယ် ရှိနေကြောင်း သိရပါတယ်။
ဗြိတိန် မီဒီယာ Daily Mail ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်က အသက် ၂၅ နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကစားသမားရဲ့ စာချုပ်ပါ ပေါင် ၆၂.၅ သန်းတန် စာချုပ် ဖျက်သိမ်းကြေးကို ပေးချဖို့ အသင့် ရှိနေကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ လာမယ့် မေလမှာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိဖို့ မျှော်လင့်နေကြောင်းလည်း သိရပါတယ်။ တစ်ဖက်မှာ နယူးကာဆယ် ကလည်း ကူညာကို ခေါ်ယူဖို့ ပိုပို စိတ်ဝင်စားလာကြောင်း သတင်းတွေ ထွက်နေပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ အိုးထရက်ဖို့ဒ် ကိုသာ ပြောင်းရွှေ့ဖို့ ပိုပြီး အလေးသာနေတယ်လို့ Daily Mail က ဖော်ပြပါတယ်။
နည်းပြ ရူဘင် အမော်ရင်ရဲ့ မန်ချက်စတာယူနိုက်တက် ကတော့ ဒီရာသီမှာ သွင်းဂိုးတွေ ရဖို့ တော်တော်လေး ခက်ခဲနေပြီး ဟွိုက်ဂျ်လန်း ဦးဆောင်တဲ့ တိုက်စစ်ပိုင်း ကလည်း ရုန်းကန်နေရပါတယ်။ တိုက်စစ်မှူး ဟွိုက်ဂျ်လန်းဟာ ဒီရာသီမှာ ယူနိုက်တက် အတွက် ၃ ဂိုးသာ သွင်းယူထားနိုင်သလို ၂၀၂၅ ခုနှစ်မှာ ဆိုရင် သွင်းဂိုး ၁ ဂိုးသာ ရရှိထားပါတယ်။ ဒါ့အပြင် ယူနိုက်တက် အတွက် နောက်ပိုင်းမှာ တဖြည်းဖြည်း ခြေစွမ်းပြလာနိုင်တဲ့ ဂျော်ရွှာ ဇီယက်ခ်ဇီး ကလည်း ဒဏ်ရာကြောင့် ရာသီ အကုန်ထိ အနားယူရဖို့ ရှိနေပါတယ်။ ဒါကြောင့် ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းမှာ ဟွိုက်ဂျ်လန်းနဲ့ လူငယ်ကစားသမားလေး ချီဒို အိုဘီ ကိုသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အမော်ရင် ကတော့ အစောပိုင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို တပည့်ဟောင်း ဗစ်တာ ယိုကီးရက်စ်နဲ့ အင်အားဖြည့်တင်းချင်ခဲ့ပေမယ့် ဆွီဒင်သားက ချန်ပီယံလိဂ် ကစားခွင့်ရမယ့် အသင်းကို ပြောင်းရွှေ့ချင်နေတာကြောင့် အခြားသော တိုက်စစ်မှူးတွေကို ပစ်မှတ်ထားနေရတာ ဖြစ်ပါတယ်။ ကူညာဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အရည်အသွေး မြှင့်တင်ပေးနိုင်မယ့် ကစားသမား ဖြစ်ပေမယ့် အများစု ကတော့ ယူနိုက်တက်ရဲ့ ဂိုးသွင်း အားနည်းမှု ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းဖို့ အတွက် အထောင် တိုက်စစ်မှူး စစ်စစ် တစ်ဦး ကိုသာ ပိုမို လိုအပ်ကြောင်း သုံးသပ်မှုတွေ ရှိပါတယ်။
သတင်းတွေအရ ဆိုရင်တော့ ယူနိုက်တက် အနေနဲ့ ကူညာကို ခေါ်ယူမယ် ဆိုရင် ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့မှု စည်းမျဉ်း (Profit and Sustainability Rules – PSR) နဲ့ ကိုက်ညီနေဆဲ ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ တခြားသော ကစားသမားတွေကို ခေါ်ယူခဲ့မယ် ဆိုရင်တော့ လက်ရှိ အသင်းရဲ့ ကစားသမား တချို့ကို ရောင်းထုတ်ဖို့ လိုအပ်မှာလည်း ဖြစ်ပါတယ်။
တခြားသော သတင်းတွေအရ ဆိုရင်တော့ ယူနိုက်တက်ဟာ အစ်ပ်ဆွစ်ချ်တောင်း တိုက်စစ်မှူး လီယမ် ဒီလပ် ကိုလည်း ဒီနွေရာသီမှာ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ် အရွယ် ဒီလပ်ရဲ့ စာချုပ် ကတော့ ပေါင် သန်း ၃၀ တန် စာချုပ် ဖျက်သိမ်းကြေး ရှိနေတယ်လို့ သိရပြီး သူ့ကိုတော့ ချဲလ်ဆီးနဲ့ အပြိုင် ကမ်းလှမ်းဖို့ ကြိုးစားရမှာလည်း ဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ဘုန်းမောက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ တစ်ပတ်က တန်းမဆင်းရဖို့ သေချာသွားပေမယ့် လက်ကျန် ပွဲစဉ်တွေ ကိုတော့ ရလဒ်ကောင်းဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.